Pregnancy and Exercise ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း




အသက် ၃၆ နှစ်ပါဆရာ။့ နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အခု ပထမဦးဆုံးကိုယ်ဝန်ဆောင်ထားတာ ၃ လကျော် ရှိပါပြီ။ အရင်ထဲက ခြေသလုံးကြောတက်တတ်တဲ့ရောဂါရှိပါတယ်။ အခုကိုယ်ဝန်ဆောင်ချိန်မှာ ပိုတက်ပါတယ်။ ကိုယ်ဝန်ဆောင်အနေနဲ့ ဘယ်လိုလေ့ကျင့်ခန်းမျိုး လုပ်သင့်ပါသလဲရှင့်။

ကိုယ်လက် လေ့ကျင်ခန်းလုပ်တာ ဘယ်အရွယ်၊ ဘယ်ကာလမှာမဆို ကျန်းမာရေးအတွက် အကျိုးပေးတယ်။ ကိုယ်ဝန်ဆောင် နေတာလဲ ပါတာဘဲ။ အနု-အရင့်လိုက်ပြီးတော့ အပြောင်းအလဲတော့ ရှိရတာပေါ့။ ဘာတွေ ကောင်းသလဲ မေးနေစရာတောင် လိုချင်မှလိုမယ်။

• နေကောင်းနေတာကို ခံစားရမယ်။
• ခါးနာမှာ သက်သာမယ်။ ခါး-ပေါင်-ခြေသလုံး ကြွက်သားတွေ သန်မာတောင့်ခိုင်စေမယ်။
• ဝမ်းမချုပ်ဘဲ ဝမ်းမှန်စေမယ်။
• အဆစ်တွေ အိုဟောင်းလို့ အသုံးများလို့ ပျက်စီးယိုယွင်းတာတွေ သက်သာစေမယ်။
• အအိပ်မှန်စေမယ်။ စိတ်တင်းအား လျှော့စေမယ်။ စိုးရိမ်စိတ် နည်းစေမယ်။
• လူလဲ လှပမြဲ လှပနေစေမယ်။
• ကလေးဖွါးဘို့ ကောင်းနေအောင် ပြင်ဆင်ထားတာ ဖြစ်တယ်။
• မွေးပြီးရင်လဲ နဂိုအနေပြန်ရဘို့ မြန်စေမယ်။

ကိုယ်ဝန် မဆောင်ခင်ကတည်းက လေ့ကျင့်ခန်းလုပ်နေသူ ဆက်လုပ်ပါ။
• အပြောင်းအလဲလေးတွေတော့ လုပ်ရမယ်။
• ဖြေးဖြေး-မှန်မှန်နဲ့ စပါ။ ကျန်းမာသူ အမျိုးသမီးများ ခပ်သင့်သင့်ပြင်းထံတဲ့ လေ့ကျင့်ခန်းမျိုး တပါတ်မှာ ၁၅ဝ မိနစ် (၂ နာရီခွဲ) လုပ်ပါ။
• ကိုယ်ဝန်မှာ သွေးတိုးနေရင်၊ ဗိုက်နာရင်၊ သွေးဆင်းရင်၊ ရေဆင်းရင် ဆိုတာမျိုးကြ ရှောင်ပါ။
• ဘာကြိုက်သလဲ၊ ကခုန်တာလား၊ ရေကူးတာလား၊ အေရိုးဗစ်လား၊ ယောဂလား၊ စက်ဘီးစီးလား၊ လမ်းလျှောက်လား။
• လမ်းစလျှောက်သူဆိုရင် တပါတ် ၃ ရက်၊ တိုရာကနေ ပိုလုပ်ပါ၊ တခါလျှောက် ၁ မိုင်၊ တဖြေးဖြေး အချိန်ရော၊ အဝေးရော တိုးပါ။ နောက်ဆိုရင် အထက်မြင့်အတက်ကိုပါ ထည့်ပေးပါ။
• ဆရာဝန်က ခိုင်းတာဖြစ်ဖြစ်၊ ကိုယ့်ဖါသာ ရွေးတာဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာမှ သတိထားဘို့က ကိုယ့် ခန္ဓာကိုယ်၊ ကြွက်သား-အဆစ်တွေ သတိပေးတာကို နာခံပါ။ အချိန်ကြပေမဲ့ ကိုယ်လက်တွေ လေးလံနေတယ်၊ မအီမသာ ဖြစ်နေတယ် ဆိုရင် မလုပ်ပါနဲ့။ အထူးသဖြင့် ကိုယ်ဝန်ရင့်လာချိန်မျိုး။ မူးဝေမယ်၊ အားကုန်နေမယ်၊ အသက်ရှူမဝသလို နေမယ်၊ နှလုံးခုန်-တုန်နေမယ်၊ ခါးနာနေမယ် စသဖြင့်။ ရာသီဥတုလဲ သိပါ။ သိပ်ပူနေရင် နေပူထွက် မလုပ်နဲ့။ ခုန်တာ၊ အနေအထားကို ယုတ်တရက် ပြောင်းလဲတာ၊ ဂရုစိုက်ပါ။
• Kegel Exercises (ကီဂယ်) ခေါ်တဲ့ တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို အချိန်မရွေး လုပ်နိုင်တယ်။ (စာသတ်သတ် ရေးထားပါတယ်။)

လေ့ကျင့်ခန်း လုပ်သလို အစာအာဟာရ မျှတဘို့လဲ တပါတည်း ဂရူစိုက်ပါ။ အခြေခံကို သိထားပါ။ ကိုယ်ခန္ဓာက အဆစ်နဲ့ ကြွက်သားတွေ တမင်သက်သက် လှုတ်ရှားစေအောင် အချိန် မှန်မှန် ဖြေဖြေးကနေ တိုးလုပ်တယ် ဆိုတာ လေ့ကျင့်ခန်း ဖြစ်တယ်။
• အဆစ်တိုင်းမှာ သူလုပ်နိုင်တဲ့ အကွေး-အဆန့်မျိုး ရှိတာပါ။ ဆိုပါစို့ လက်ကောက်ဝတ်က အောက်ကွေး၊ အထက်လှန် လုပ်နိုင်တယ်။ ဘေးတိုက် ဘယ်-ညာလဲ လုပ်နိုင်တယ်။ လက်မောင်းဆစ်ကတော့ ဝိုင်းပတ်မှုပါ လုပ်နိုင်တယ်။
• နည်းနာတွေမှာ ဗဟုသုတ နည်းနေပါစေ။ ငယ်ငယ်ကိုယ် ကျောင်းနေတုံးဖြစ်ဖြစ် ကိုယ့် တူ-တူမလေးတွေ လုပ်တာဖြစ်ဖြစ် လုပ်ဖူး-တွေ့ဖူး ပါလိမ့်မယ်။ ၁-၂-၃-၄-၅-၆-၇-၈-၈-၇-၆-၅-၄-၃-၂-၁။ သွေးပူ-လေ့ကျင့်ခန်းလဲ ခေါ်တာမျိုး။
• ခြေနှစ်ဘက်ကို ခုန်ရင်း ဘေးကား၊ တပြိုင်ထဲမှာ လက်နှစ်ဘက်ကို ပခုံးနဲ့ တတန်းထဲ ကား။
• ခြေနှစ်ဘက်ကို ခုန်ရင်း ဘေးကား၊ တပြိုင်ထဲမှာ လက်က ခေါင်းပေါ်အထိ လက်ခုပ်တီး။
• ခါးကို ကုန်းပြီး ဆန့်တန်းနေတဲ့ လက်နှစ်ချောင်းက ခြေဖျားသွားထိ။ ခါးပြန်မတ်-လက်တွေ ဘေးမှာချ။
• တဒေါင်ဆစ်မှာကွေး လက်ဝါးဖြန့်ထားတဲ့ လက်နှစ်ဘက်က ရင်ပတ်ရှေ့မှာထားလိုက်၊ လက်တွေ ဘေးကားလိုက်။
• ခေါင်းကို ဘယ်-ညာ တလှည့်စီလှည့်၊ ခေါင်းကို ဘယ်ဝှိုက်-ညာဝှိုက် လည်ပင်းကို လည်စေနည်း။
• စာအုပ်တွေ၊ ဗီဒီယို-ဗီစီဒီတွေ၊ Youtube, Online, Gem အများကြီး ရှိပါတယ်။ လက်လှမ်းမီတာ ယူပါ။

Dr. Tint Swe
၁၅-၄-၂ဝ၁၄

No comments:

Post a Comment