ဟင်္သာတမြို့တွင် စုံတွဲတတွဲ အသတ်ခံရ



ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ်အနီးမှာ အမျိုးသား၊ အမျိုးသမီး စုံတွဲ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံလို့ သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာ ဖမ်းမိထားပြီလို့ မြို့နယ်ရဲက အတည်ပြု ပြောဆိုပါတယ်။
သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲက ပြောပေမယ့် အသေးစိတ် ထုတ်ဖော်ပြောဆိုဖို့တော့ ငြင်းဆန်ပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီခန့်က ဟင်္သာတမြို့ ရွာသာကုန်းရပ်ကွက်မှာရှိတဲ့ တက္ကသိုလ်အနောက်လမ်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မစိန်နဲ့ ကိုကျော်မင်းထွန်းတို့ ၂ ဦးရဲ့ အလောင်းတွေကို မော်တော်ဆိုင်ကယ်နဲ့ ဖိထားတာကို ရဲက တွေ့ရှိ ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးဟာ အသက် ၃၀ ခန့် အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။